Sunday, 29 July 2007

မှတ်မိသမျှ

ကျနော်တို့ မန္တလေး စက်မှုတက္ကသိုလ်ကို ၄ တန်း(စတုတ္ထနှစ်) အထိပဲတက်လိုက်ရတယ်…

ဆရာမလောက်ငှမှု နဲ့ အခြားသောပြဿနာများစွာတို့ကြောင့်၅ တန်းနဲ့ ၆ တန်းကို

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးမှာ သွားတက်ရတယ်…

ပညာတော်သင်ပေါ့ဗျာ… ဘာဖြစ်သေးတုံး…

ရန်ကုန်စက်မှုတက္ကသိုလ်ရောက်တော့ ဆရာအော်ပီကျယ်နဲ့ ဆုံရပြန်တယ်…

ကျနော်တို့က အဲလို ကံကောင်းတာ။ ဒီတခါတော့ တစ်ယောက်ထဲမဟုတ်ဘူး…

ဆရာတင်မောင်သန်း(သင့်ဘ၀)ရယ် ဆရာမဂျူးရယ် ဆရာအော်ပီကျယ်ရယ် သုံးယောက်တောင်…

စက်မှုတက္ကသိုလ် စာပေဟောပြောပွဲမှာ ဟောကြပြောကြတာ…

ဆရာ တင်မောင်သန်းက အမှန်တရား ဆိုတဲ့ ခေါင်းစဉ်ကို ကဗျာရှည်တစ်ပုဒ် ကို နောက်ခံထား

ပြီး ဟောသွားတယ်… ကဗျာက သိပ္ပံပညာရှင် ဂယ်လီလီယို အကြောင်းကို သက်သေ တည်ပြီး

အမှန်တရားဆိုတာ ဘယ်သောအခါမှ သေရိုးထုံးစံမရှိ တာကို စပ်ထားတာ…

အဲဒီကဗျာလေး ကို ဆရာက အားနဲ့မာန်နဲ့ရွတ်ပြသွားတာ ခုထိ ကြားယောင်နေတုန်းပဲ...

ဂယ်လီလီယိုက ကမ္ဘာကြီးလုံးတယ် ဆိုတာ ကို ပထမ ဦးဆုံးဖော်ထုတ်သွားခဲ့တဲ့ပုဂ္ဂိုလ်ပေါ့…

သူက ကမ္ဘာ လုံးတယ်ဆိုတော့ ပုပ်ရဟန်း အဖွဲ့က သူတို့ကျမ်းစာကို တော်လှန်တယ်ဆိုပြီး

ဂယ်လီလီယို သူ့အဆိုမှားယွင်းကြောင်း မတရား ၀န်ခံခိုင်းတာ…ဂယ်လီလီယိုက အသက် ပဲ

အသေခံသွားခဲ့တယ်…၂၀ရာစုရောက်မှ ပုပ်ရဟန်းအဖွဲ့က သူတို့ ဂယ်လီလီယိုကို မှားယွင်းစွာ

စီရင်ခဲ့ကြောင်း တရားဝင်ဝန်ခံသွားတယ်… မှတ်မိတဲ့ကဗျာစာသားလေးက

`အမှန်တရား ဆိုတာ

ဓါးနဲ့ထိုး ဓါးကျိုး

လှံနဲ့ထိုး လှံကျိုး

ဘယ်တော့မှ မသေတဲ့ အမျိုး´ တဲ့

ဆရာရွတ်သွားပုံက အားနဲ့မာန်နဲ့…ဘယ်လောက်များမာန်ပါသလဲဆိုရင် ရှေ့ဆုံးမှာထိုင်နေတဲ့

ကျောင်းအုပ်ကြီး ရဲ့ထိုင်ခုံတောင် လှုပ်သွားပုံရတယ်…

ဆရာမ ဂျူး ရဲ့ ခေါင်းစဉ် ထူးပုံဆန်းပုံလေးကလည်းတမျိုး

`ကျမ တော်တော်ညံ့ခဲ့တာ´ တဲ့…သူက သူညံ့ခဲ့တဲ့ အကြောင်းလေးတွေပြန်ပြောပြချင်ပါတယ်တဲ့

တော်တာတတ်တာတွေပဲ နားထောင်ချင်လို့ လာခဲ့တဲ့သူတွေကိုတော့ အားနာပါတယ်တဲ့

ဒါပေမယ့် အဲဒီ သူတွေကို အကြံကောင်းတခုတော့ပေးနိုင်ပါသေးတယ်တဲ့

တော်တာတတ်တာလေးတွေ ကြည့်ချင်သပဆိုရင် ၈ နာရီ မြန်မာ့ရုပ်မြင်သံကြားသတင်းကိုပဲ

စောင့်ကြည့်ပါတဲ့….လက်ခုပ်သံတွေမစဲပဲ…ဆရာမဂျူးကလဲ စာရေးကောင်းရုံတင်မကဘူး

အဟော အပြော တင်ပြပုံလည်းကောင်းပါပေ့…

ဆရာအော်ပီကျယ်ကတော့ အိမ်ရှင်တ၀က်ဆိုတော့ နောက်ဆုံးမှဟောပြောပါတယ်

သူကျောင်းတက်ခဲ့တဲ့ အတွေ့အကြုံတွေ အလုပ်အတွေ့အကြုံတွေ သူ့အမြင်တွေပေါ့

သူမြင်ပုံ၊တင်ပြပုံကလည်းတမျိုး…သူက ကျောင်းသားဘ၀ကတဲက သူများနဲ့မတူ တမူထူးတာ

သူများက ကာတွန်းဆွဲရင် ဂျီဟောသူ ရုပ်ဆိုးတာပဲ ထပ်ခါတလဲလဲဆွဲနေတဲ့အချိန်မှာ သူက

ကျောင်းခေါင်မိုးမှာ နွားတွေမြက်စားနေတဲ့ ကာတွန်းမျိုးဆွဲတာ(ခုဆိုရင်တော့ တောပါခုတ်ပြီး

ကင်းစခန်းတွေပါ ထည့်ဆွဲမလားမပြောတတ်ဘူး)…

ကာတွန်းဘောက်စ်အကြောင်းလည်းပြောသွားတယ်…ကာတွန်းဘောက်စ်ဖြစ်လာပုံကလည်း ဒီလိုပါတဲ့

အများသုံးတယ်လီဖုန်းရုံလေး သုံးမရတာကြာပြီး အထဲမှာ ဖုန်းပါမရှိတော့တဲ့ အခါ ဘယ်သူက စတယ်တော့

မပြောတတ်ဘူး…ကာတွန်းလေးတွေဆွဲဆွဲပြီး အထဲမှာကပ်ထားတာ…ကျောင်းသူကျောင်းသားတွေက

အဲဒီ ကာတွန်းကို အမြဲစောင့်စောင့်ဖတ်ရင်းနဲ့ ကာတွန်းဘောက်စ်လေးဖြစ်လာတာတဲ့…

ဘာလို့များ ကာတွန်းဘောက်စ်လေးကို

ပိတ်ပစ်လိုက်လည်းဆိုတာ သူနားမလည်နိုင်ကြောင်းပြောသွားရှာတယ်..

နားမလည်နိုင်ဆုံးကတော့ ၁၉၇၄ ခုနှစ်လောက်တုန်းက(ခုနှစ်မှားရင် ကျနော်အမှတ်မှားတာသာဖြစ်ကြောင်း)

စက်မှု(Mechanical)ကျောင်းသား (တစ်စုလား တစ်ယောက်ထဲလားတော့မသိပါ) က Project အနေနဲ့

မြက်ရိတ်စက်ကို ဟောဗားယာဉ်ဖြစ်အောင် လုပ်ပြသွားခဲ့တယ်…

လူတစ်ယောက် စီးနင်းလိုက်ပါလို့ရ ပြီး ၂ ပေမှ ၃ ပေ အမြင့်ထိ ပျံသန်းမောင်းနှင်နိုင်တယ်ဆိုပဲ…

တကယ့်ကိုချီးကျူးဂုဏ်ယူစရာကောင်းတဲ့ တီထွင်ကြံဆမှုဗျာ…တကယ်လေးစားမိတယ်…

အဲဒါကို ဖျောက်ဖျက်ပစ်လိုက်ကြတယ်တဲ့…အင်ဂျင်နီယာကျောင်းဆိုတာ ဘာလုပ်ဖို့လဲဗျာ...

နားမလည်နိုင်အောင်ပါပဲ…

အဲဒီစာပေဟောပြောပွဲကြီးပြီးသွားပြီး နောက်ထပ် လအနည်းငယ် အကြာမှာ ကျောင်းသားအချို့

ရဲ့ Project Show မှာ ကျောင်းအုပ်ကြီး အမှာ စကားပြောတော့ ခုလိုပွဲမျိုးမြင်ရမှပဲ ဆရာစိတ်ထဲ

မှာ စိတ်ထဲမှာ နဲနဲအေးသွားတော့တယ်တဲ့…

အော် ကျောင်းအုပ်ကြီးကို စာပေဟောပြောပွဲ က ခြောက်လှန့်နေလိုက်တာ ကျောင်းသားတွေ

ကို ဗြောင်ကို ၀န်ခံရတော့တဲ့အထိ တာပါပဲလားလို့….

Monday, 9 July 2007

ကျောင်းတော်ကြီးသို့...

ကျနော်တို့ပျော်ပါးခဲ့တဲ့…အဲ…တက်ခဲ့တဲ့ကျောင်းတော် ကြီးအမည်က မန္တလေးစက်မှုတက္ကသိုလ် ပါ… သိကြလိမ့်မယ်လို့ ထင်ပါတယ်…အခုတော့ မန္တလေးနည်းပညာတက္ကသိုလ် လို့ပြောင်းလဲ ခေါ်ဝေါ် ထားတယ် ဗျ…ကျနော့်တစ်ယောက်ထဲ အနေနဲ့ကတော့ စက်မှုတက္ကသိုလ် ဆိုတာလေးကို ပိုနှစ်သက်မိတယ်…ထားပါဗျာ… ဒါတွေကပညတ်ချက်တွေပါ…ဘယ်လိုပဲခေါ်ခေါ်ပေါ့ဗျာ..နော့်..

ကျောင်းတော်ကြီးနဲ့ ပါတ်သက်ပြီး ဆရာအော်ပီကျယ် ရဲ့ အမှတ်တရ စကားလေးကို ပြန်ပြီး မျှဝေ ချင်လို့ပါ… ဒီလိုဗျ…၁၉၉၅ ခုနှစ်မှာ ကျောင်းမှာ စာပေဟောပြောပွဲလုပ်ဖို့စီစဉ်တော့ ကံကောင်းခြင်း ကြီးစွာနဲ့ ဆရာအော်ပီကျယ်ပါလာတယ်…ဟောပြောပွဲကို ဆရာက သူ မန္တလေးစက်မှုတက္ကသိုလ်ကို လာခဲ့ပုံလေးနဲ့ စဖွင့်တယ်…လာကြိုတဲ့ကားနဲ့ ကျောင်းကို အလာမှာ ကားပေါ်မှာကျောင်းတော်ကြီးကို မှန်းဆ မြင်ယောင်ကြည့်တာပေါ့…ဆရာက မန္တလေးမှာသာနေတာ ကျောင်းကိုတစ်ခါမှ မရောက်ဖူးဘူးတဲ့…ရန်ကင်းတောင်နားလေး ဆိုတာလောက်ပဲသိတာ…ဒါနဲ့စီးလာလိုက်တာ ရန်ကင်းတောင်နား နီးလာတော့ အဆောက်အဦအသစ်တွေ မြင်တော့ ဒါကျောင်းတော်ကြီးလားလို့ ကျောင်းသားတစ်ယောက်ကိုမေးတယ်…ကျောင်းသားက မဟုတ်ကြောင်း၊ ခုဆရာမြင်နေရတာက အဆုတ်ရောဂါကုဆေးရုံသစ်ဖြစ်ကြောင်း…ကျောင်းတော်ကြီးကတော့ ရန်ကင်းတောင်အလွန်မှာဖြစ်ကြောင်း လေသံလျော့လျော့နဲ့ ရှင်းပြသတဲ့…ဒါနဲ့ ဆရာလည်းမမေးတော့ပဲ ဆက်ပြီး လိုက်လာတာ ရန်ကင်းတောင်ကျော်လို့လဲ မရောက်သေး…ဟိုကွေ့ဒီကွေ့နဲ့ ဆည်တော်ကြီးချောင်းကို ကျော်တော့မှ မန္တလေးစက်မှုတက္ကသိုလ်ဆိုင်းဘုတ်ကိုမြင်ရတော့တယ်…ဒါနဲ့ ဆရာက မှတ်ချက်ချလိုက်တယ် တဲ့…ကျောင်းရဲ့နောက်ဖက်မှာမြင်နေရတဲ့ ရေတံခွန်တောင်တို့ နွားလဘို့တောင်တို့ အမည်မသိတဲ့တောင်တန်း ကြီးတို့ကို ကျေးဇူးအထူးတင်ထိုက်တယ်ပါတယ်…သူတို့တတွေကာရန်ပေးထားလို့သာ မန္တလေးစက်မှုတက္ကသိုလ် ကြီးဟာ ဒီနေရာလောက်နဲ့တင် ကျေနပ်လိုက်ရတာ…သူတို့တွေသာမရှိရင် တွေးတောင် မတွေးတတ်သလောက်ပဲ…တဲ့…

ဆရာအော်ပီကျယ်ပြောခဲ့တာ ချွေးရော သွေးရော ထွက်အောင်မှန်ပါ့ဗျာ… မန္တလေးစက်မှုတက္ကသိုလ်နောက် ထပ်ပြီး ဖွင့်တဲ့ တက္ကသိုလ်ဆိုတဲ့ ကျောင်းတွေကျောင်းတွေ အားလုံး လိုလို သူ့ထက်ငါ အဝေးပြိုင် အခေါင်ပြိုင် နေသလား မှတ်ရတယ်…အား…ပါး…ပါး…

Sunday, 24 June 2007

သတိရမိသောအပိုင်းအစလေးများ(၁)

အထက်တန်းကျောင်းသားဘ၀တုန်းကပေါ့။ ကျူရှင်က ည ၇း၀၀ ဆင်းတယ်။ ကျူရှင်အပြီး ဗိုက်ကလဲဆာ အိမ်ကို လဲ မပြန်ချင်သေးဆိုတော့ ဦးချစ်တီးရဲ့ ခေါပုတ်ဆိုင်လေးပဲပြေးကြတယ်။ အင်း...ပြောပြပါဦးမယ် အဲဒီဆိုင်လေး အကြောင်း၊ အမှန်က အဲဒီဆိုင်လေးမှာ ဘာနာမည်မှ မရှိဘူး။ ဆိုင်ရှင် အဒေါ်ကြီးရဲ့ ယောကျာ်းရဲ့ နာမည်ကမှ ဦးချစ်တီး တဲ့။ နာမည်ကတော့ ဦးချစ်တီး လူကတော့ ဗုဒ္ဓဘာသာ စစ်စစ်ကြီးပါ။ သူတို့ရပ်ကွက်ဓမ္မာရုံမှာ ဂေါပက အဖွဲ့ဝင်၊ တာဝန်က အလှူခံ ဆိုတော့ တစ်မြို့လုံးနီးနီး သိကြတယ်။ အဒေါ်ကြီးကတော့ ရှမ်းအမျိုးသမီးပါ။ သူတို့ ခေါပုတ်ဆိုင်လေးကတော့ ကျနော်တို့နယ်မြို့လေးမှာ ဆောင်းတွင်းဆို နာမည်ကြီးပဲ။ သူတို့က ဆိုင်ထဲမှာပဲ ကောက်ညှင်းကို ပေါင်း၊ ပြီးတော့ တခါထဲ ဆိုင်ထဲမှာ တင် ဆုံကြီးထဲ ထည့်ထောင်း၊ ညှက်ပြီဆိုတာ နဲ့ အလုံးလေးတွေ လုံးပြီး ရောင်းတာ ကိုးဗျ။ အဲဒီတော့ ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ခေါပုတ် အလုံးလေးတွေ ဆိုတာ ဒီနေရာမှာပဲရမယ်ထင်တာပဲ။ တခြားတွေ့ဖူးသမျှ ခေါပုတ်တွေက အိမ်မှာလုပ်ကြပြီး နောက်ရက်တွေမှ ဈေးထဲ လာရောင်းကြတာလေ။ ဆိုင်ထဲကလူတွေက ခေါပုတ် ထောင်းရ ကောက်ညှင်းပေါင်းရ ဆိုတော့ ချွေးရွှဲရွှဲ နဲ့ ဆောင်းတွင်းလို့ တောင် ထင်ကြ ပုံမပေါ်ဘူး။
ကျနော်တို့တစ်တွေကသာ ကျူရှင်ခန်းထဲမှာ ငြိမ်ကုတ်ကုတ်နဲ့စာသင်ပြီးထွက်လာကြတဲ့သူတွေ ဆိုတော့ ချမ်းအေးနေကြတာ။ အမှန်ကတော့ ကျနော်တို့ကောင်လေး တော်တော်များများက အဲဒီ အစားအသောက်မျိုးကို ကြိုက်လှတယ်မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်မလေးတော်တော်များများ ကတော့ ကြိုက်ကြတယ် ဗျ။ ကျူရှင်ဆင်းချိန်ဆို အဲဒီဆိုင်လေး မှာ ကောင်မလေးတွေ တရုံးရုံးနဲ့ ။ ကောင်မလေးတွေ တရုံးရုံး ဆိုတော့ ကောင်လေးတွေလဲ တလုံးလုံးပေါ့ဗျာ။
ကျနော်တို့ မြို့ ကလေးအကြောင်းဆက်လက်ဖေါ်ပြပါဦးမယ်။